Cyberpunk လှုပ်ရှားမှုကနေ စတင်လာခဲ့တဲ့ Technolibertarianism ဟာ လက်ဝဲလက်ယာလွန်တဲ့ အစွန်းရောက် တစ်သီးပုဂ္ဂလဝါဒအမျိုးအစားတစ်ခုဖြစ်တယ်။ သူဟာ libertarianism လှုပ်ရှားမှုဖြစ်ပြီးတော့ အဲ့ခေတ်အဲ့ကာလမှာ ကျော်ကြားတဲ့ Individualist Anarchist လှုပ်ရှားမှုကနေ ကွဲထွက်လာတဲ့ နည်းပညာတော်လှန်ရေးတစ်ရပ်ပဲဖြစ်တယ်။
ဒီ Cyberpunk လှုပ်ရှားမှု Technolibertarianism လှုပ်ရှားမှုဟာ ဟက်ကင်းလို့အများခေါ်တဲ့ ဆိုက်ဘာလုံခြုံရေးဆိုတဲ့ နယ်ပယ်တစ်ခုကို မွေးထုတ်ပေးခဲ့တာပဲ။
Timothy C. May ဟာ 1981 မှာ IEEE W.R.G. Baker Award-winning paper မှာ “Alpha-Particle-Induced Soft Errors in Dynamic Memories” ဆိုတဲ့ သူ့ရဲ့ဆွေးနွေးချက်ကြောင့် စတင်အသိအမှတ်ပြုခံခဲ့ရပါတယ်။
ကွန်ပျူတာ သိပ္ပံပညာရှင်လည်းဖြစ်၊ နိုင်ငံရေးသုတေသီလည်းဖြစ်တဲ့ Timothy C. May ဆိုသူက The Crypto Anarchist Manifesto ဆိုတဲ့ ကြေညာစာတမ်းကို ၁၉၈၈ မှာရေးသားပြီး ဒီ Cyberpunk လှုပ်ရှားမှု Technolibertarianism လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ Crypto Anarchist လှုပ်ရှားမှု ကို အသက်သွင်းခဲ့တာဖြစ်တယ်။ သူဟာ သူ့ရဲ့ The Crypto Anarchist Manifesto ကို ဒီလိုအစချီခဲ့တယ်။ “A specter is haunting the modern world, the specter of crypto anarchy”. အဆုံးကိုတော့ ဒီလိုပိတ်ခဲ့တယ်။ “Arise, you have nothing to lose but your barbed wire fences!”
အဲ့ကနေမှ နှောင်းပိုင်းမှာ Anarchist တို့ထုံးစံအတိုင်း Property ဆိုတာရဲ့ အနှစ်သားကို ထိုးဖောက်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ Free Software လှုပ်ရှားမှုတွေ၊ GNU လိုင်စင်တွေ၊ နောက်ဆုံး Crypto နည်းပညာတွေအထိပါ ဆက်လက်သယ်ဆောင်လာကြတယ်။
1992 ဝန်းကျင်မှာရေးတဲ့ Timothy C. May ရဲ့ “Libertaria in Cyberspace” မှာဆိုရင် သူဟာ တစ်သီးပုဂ္ဂလတစ်ဦးချင်းဆီရဲ့ Privacy ဟာ အစိုးရတွေရဲ့ ထောက်လှမ်းမှုက လွတ်မြောက်ဖို့ ဘယ်လောက်အရေးကြီးကြောင်း ထောက်ပြထားတာတွေဟာ တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။
ဒီလိုပြောလို့ ဒီလို နည်းပညာနယ်ပယ်မှာ တစ်ဖက်ကမ်းခပ်တော်ပြီး ထက်မြက်တဲ့ပညာရှင်တွေဟာ မင်းမဲ့ဝါဒကို ဘုရားဟော ကျမ်းလို ပူဇော်မယ်ထင်ရင် မှားပါလိမ့်မယ်။ Timothy C. May ဆိုသူရဲ့ The Crypto Anarchist Manifesto ကိုထောက်ဆခြင်းဖြင့် သူဟာ နှောင်းပိုင်းမှာ Bitcoin ကိုဖြစ်ပေါ်လာစေမယ့် Crypto နည်းပညာကိုတည်ထောင်ခဲ့စဥ်က မာ့က်စ်ဝါဒလွှမ်းမိုးမှုရှိခဲ့တဲ့ မင်းမဲ့ဝါဒီတစ်ဦးဖြစ်တယ်ဆိုတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် နှောင်းပိုင်းမှာတော့ သူ့ရဲ့ Crypto နည်းပညာဟာ State မပါတဲ့ Free Market Capitalism ကို ဖော်ညွှန်းတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာကို လူတွေက သတိထားမိလာကြတယ်။ Timothy C. May အခေါ် Galt’s Gulch လို့သုံးနှုန်းတဲ့ Ayn Rand ရဲ့ Atlas Shrugged ထဲက အစိုးရတွေဆီကနေ လွတ်မြောက်သွားသူတွေ နေထိုင်ကြတဲ့ Colorado လူ့အဖွဲ့အစည်းမှာ ပြီးပြည့်စုံတဲ့ နိုင်ငံတော်မရှိတဲ့ စျေးကွက်စီးပွားရေး(ဓနရှင်စနစ်) ကို ဖန်တီးယူနိုင်တယ်ဆိုတဲ့ အယူအဆဟာ အကောင်အထည်ပေါ်လာခဲ့ပါတယ်။
ဒီလိုနဲ့ပဲ Anarcho-capitalism လို့အများခေါ်တဲ့ အယူအဆတစ်ခုဟာ ပေါ်ပေါက်လာခဲ့ပါတယ်။
Anarcho-capitalism ကိုတော့ မူရင်း Anarchist တွေဖြစ်တဲ့ Anarcho-Communists, Anarcho-Syndicalists တွေနဲ့ တခြား Anarcho အုပ်စုတွေက Anarchism လို့လက်မခံကြပေမယ့် Anarcho-capitalism ဆိုတဲ့ အယူအဆကတော့ သူ့ကိုယ်သူ Anarchist မျိုးကွဲတစ်ခုလို့ သတ်မှတ်ခဲ့ပါပြီ။
Anarcho-capitalism ကိုဖြစ်ပေါ်လာစေတဲ့ Crypto Anarchism ဟာတော့ အတားအစီးမရှိတဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ အတားအစီးမရှိတဲ့ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားခွင့်၊ အင်တာနက်လွတ်လပ်ခွင့်နဲ့အတူ လူတစ်ဦးချင်းဆီရဲ့ လူသိမခံလိုမှုလွတ်လပ်ခွင့် စတဲ့ တန်ဖိုးတွေကို ကာကွယ်ဖို့ နိုင်ငံတော်ဖြစ်တည်မှုကို လုံးဝဆန့်ကျင်တာကို တွေ့ရမှာဖြစ်ပါတယ်။
ဘယ်လိုပဲဆိုဆို Timothy C. May လိုလူတွေကြောင့် ဟက်ကာဆိုတဲ့ အရာတွေဖြစ်တည်လာတယ်။ ဆိုက်ဘာလုံခြုံရေးဆိုတဲ့ နယ်ပယ်အသစ်တွေရှိလာတယ်။ နိုင်ငံရေးအိုင်ဒီယိုလိုဂျီအသစ်တွေပေါ်လာတယ်။ Bitcoin တို့လို ဓနရှင်ဘဏ်စနစ်ကို ဆန့်ကျင်တဲ့ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်စစ်စစ်တွေ ပေါ်လာတယ်။ Wikileak တို့လို စုဖွဲ့မှုတွေ ပေါ်လာရတယ်။
အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr
ဒီဆောင်းပါးတွေကို နောက်ပိုင်း UGMH – Union Of UnderGround Myanmar Hackers ကထုတ်တဲ့ UG magazine ဆိုတာများ ဆက်လက်ထုတ်ဖြစ်ကြရင် တစ်စုတစ်ဝေးထဲ မြင်ရအောင် Editorial team နဲ့ ညှိပြီး ထည့်ပေးသွားပါ့မယ်။
ဆက်လက်ဖတ်ရှုကြပါရန်
– https://reason.com/2018/12/16/tim-may-influential-writer-on-crypto-ana/
– https://nakamotoinstitute.org/library/libertaria-in-cyberspace/
– https://nakamotoinstitute.org/library/crypto-anarchist-manifesto/