Movie Name: The Pioneer 2021
Political Affiliations: China/Marxism
နောက်ကွယ်အကြောင်းအရာ – May Fourth Movement
“တောင်ပိုင်းက ချိန်၊ မြောက်ပိုင်းက လီ” တဲ့၊
တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ဖခင်နှစ်ယောက်၊ တစ်ယောက်က တရုတ်ပြည်မာ့က်စ်ဝါဒ ဖခင်၊ နောက်တစ်ယောက်ကတော့ တရုတ်ပြည်ရဲ့ လီနင်ရယ်လို့ ကျော်ကြားတဲ့သူ၊
နာမည်တွေက Li Dazhao နဲ့ Chen Duxiu တဲ့၊
သူတို့နှစ်ဦးအတူ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးတွေဟာ မနည်းမနောပဲ။ ဘုရင်ပဒေသရာဇ်စနစ်ကို အတူတူတွန်းလှန်ရင်း သမ္မတနိုင်ငံထူထောင်ပြီးပြန်တော့လည်း လက်ယာသမား အစိုးရကို တော်လှန်ကြရသေးတယ်။
ဇာတ်လမ်းထဲမှာ တော်လှန်ရေးအဆက်ဆက် သူတို့ဘယ်လိုပေးဆပ်ခဲ့ရသလဲ အသေးစိတ်ပါတယ်။ သူတို့ဟာ တော်လှန်ရေးစိတ်ကြွနေချိန် ပြည်သူလူထုက တီးမုတ်အကအခုန်ကောင်းနေလို့ ပြည်သူလူထုကို မင်းတို့က ရေပေါ်ဆီတွေရယ်လို့ သူတို့ မဆဲဆိုခဲ့ဘူး။ လူထုကြားထဲဆီထိ သူတို့ပြောချင်တဲ့ စာတွေကို စာရွက်တွေမှာ ရေးပြီး သွားဝေရင်း၊ သွားကျဲရင်း သူတို့လို တော်လှန်သော သူရဲကောင်းတွေ ဖြစ်လာအောင် ဆွဲဆောင်ခဲ့ကြတယ်။ အဲ့အတွက် အဖမ်းခံရလည်း ခပ်ပြုံးပြုံးပဲ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အာမခံပေးရင်း လူထုကြီး နိုင်ငံရေးအသိစိတ်မြင့်လာအောင် နိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ခရီးနှင်ရင်း သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။
ဒီလိုနဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြား မြောက်ပိုင်းက လီဟာ စစ်ဘီလူးတချို့လက်ထဲ အဖမ်းဆီးခံရပြီး ကြိုးပေးခံရတော့မယ့်အချိန်အထိ သူယုံကြည်ရာအပေါ် မစွန့်လွှတ်ခဲ့ဘူး။ သူ့တော်လှန်ရေးရဲဘော် ငယ်သူငယ်ချင်း ချိန်ဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့တယ်။ သူ့ရဲ့ တပည့်ကျော် မော်စီတုန်းဟာ တရုတ်ပြည်ကံကြမ္မာကို ပြောင်းလဲစေခဲ့တယ်။
ဒီလို လူမျိုးဟာ သူ့သေတမ်းစာမှာ ဒီလို ရေးသွားတယ်။
“ငါယုံကြည်ရာကို ကျင့်သုံးပြီး ငါသိသမျှကို အသုံးချခဲ့တယ်” တဲ့။
ဇာတ်လမ်းတစ်ခုဆိုပေမယ့် ဖတ်ဖူးသမျှ စာအုပ်တွေနဲ့ လိုက်ပြီး ထောက်ဆကြည့်တဲ့ အခါ တရုတ်ပြည်ရဲ့ ခုလက်ရှိ အနုပညာအခြေအနေကို ခန့်မှန်းနိုင်တယ်။ ဒီလို လူစိတ်မဝင်စားတဲ့ အကြောင်းအရာတွေကို စာအုပ်သုံးလေးအုပ်ထဲက အချက်တွေကို ညီအောင် ရိုက်ပြနိုင်ပြီး လူတစ်ယောက်ရဲ့ နှလုံးသားထဲထိ ထိမိစေမယ့် အင်တာနေရှင်နယ် တေးသွားတွေနဲ့ ဝတ္ထုဆန်ဆန် ဇာတ်ကောင်တွေကို သမိုင်းအနှစ်သာရလည်း မပျက်အောင် ထည့်ရိုက်ပြနိုင်တာ တော်ရုံ အနုပညာအခြေအနေအဆင့်အတန်းတော့ ဟုတ်မယ်မထင်ဖူး။
ကြည့်စေချင်တယ်။ ကွန်မြူနစ်စနစ်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကွန်မြူနစ်ဆိုတာ ခင်ဗျားတို့ ထင်သလို သူတို့နဲ့ အမြင်မတူတိုင်း လိုက်တိုက်ခိုက်ဖိနှိပ်နေတဲ့သူတွေ မဟုတ်ဖူး။ သူတို့ယုံကြည်ရာအတွက် အသက်ထွက်ခါနီးအထိ အပြုံးမပျက်ပေမယ့် အောက်ခြေလူတန်းစားတွေ ထမင်းငတ်တာ မြင်ရင် မျက်ရည်ဝဲတတ်တဲ့ လူမျိုးတွေ ဆိုတာ ဒီ လီတို့ ချိန်တို့အကြောင်း ပိုလေ့လာမိလေလေ သိလာလေလေပဲ။
ယုံကြည်မှုရဲ့ သားကောင်တွေ၊ နှလုံးသားကြီးပြီး သိမှုမြင့်တာရဲ့ သားကောင်တွေ၊
ကိုယ့်တစ်ကိုယ်စာ သက်မွေးကေျာင်းလုပ်ရင်း လူလိုသူလို နေသွားနိုင်ခဲ့တဲ့ တက္ကသိုလ် ပရော်ဖက်ဆာတွေ၊
အာဏာကို ဘယ်တုန်းကမှ မရခဲ့လို သမိုင်းတစ်လျှောက် တံတွေးတောင် လှည့်အထွေးမခံရတဲ့ သူရဲကောင်းတွေ
ဒီလိုလူတွေ အကြောင်းကို စာအုပ်အထူကြီးတွေ မဖတ်ချင်တောင် (၂) နာရီစာ ရုပ်ရှင်တစ်ကားအနေနဲ့ ကြည့်ကြည့်သင့်တယ်။
အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr