ကြည့်စေချင်သော Political/Social Movies များ အပိုင်း(၃)

The Legend Of Bhagat Singh (2002)
Political Affiliations: Socialism/Anarchism
နောက်ကွယ်အကြောင်းအရာ – Indian Liberation Struggle

Bhagat Singh ဆိုတဲ့ နာမည်ကို မြန်မာပြည်ဖွား အိန္ဒိယအနွယ်ဖွားတွေ သိကြမှာပါ။ အထူးသဖြင့် ဆစ်ဒ်တွေ သိကြလိမ့်မယ်၊ ကျနော်လဲ အစက သူ့အကြောင်း မသိဖူး။ “Don’t Call Me Kalar” ကိစ္စမှာမှ အသိညီမတစ်ယောက်နဲ့ ပြောဖြစ်ရင်း သိလို့ သူ့အကြောင်း စလေ့လာရင်း Bhagat Singh ရဲ့ “Why I am an Atheist” ဆိုတဲ့ စာအုပ်လေးကို တော်တော်သဘောကျသွားတာ။ သူဟာ အိန္ဒိယနဲ့ မြန်မာပြည်ကို ဗြိတိသျှ မျက်နှာဖြူ ကိုလိုနီနယ်ချဲ့တွေ လက်ကနေ လွတ်မြောက်စေခဲ့တဲ့ အကြောင်းပြချက်တစ်ခု၊ မီးစတစ်ခုဖြစ်ခဲ့တယ်လို့ ပြောလည်း မမှားဘူး။

ဇာတ်လမ်းဟာ သမိုင်းထဲက ဖြစ်ရပ်တွေနဲ့ တော်တော်လေး ဆင်တူတယ်လို့ ပြောရမယ်။ သူ့အကြောင်းတော့ သမိုင်းရှုထောင့်ဖက်က သိပ်မလေ့လာဖူးလို့ ဒီဇာတ်ကားဟာ သမိုင်းနဲ့ ဘယ်လောက်အထိ ညီသလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။

ဇာတ်လမ်းအစကို ဂန္ဒီရဲ့ မျက်နှာဖြူကျွန်ခံ အလိုလိုက်အကြိုက်ဆောင်တဲ့ တော်လှန်ရေးအမည်ခံ လက်ဝေခံလုပ်ရပ်တစ်ခုကို မီး‌မောင်းထိုးရင်း စထားတယ်။ Bhagat Singh၊ Raj Guru တို့နဲ့အတူ သူတို့အဖွဲ့ဟာ မျက်နှာဖြူကိုလိုနီတွေရဲ့ သေမိန့်ချတာကို ခံစားရပါတယ်၊ အဲ့ကာလမှာ ဂန္ဒီဟာ မျက်နှာဖြူခေါင်းဆောင် ဘုရင်ခံနဲ့ တွေ့ဆုံဖို့အခွင့်အရေးရခဲ့တယ်။ ဒါပေမယ့် ဂန္ဒီဟာ Bhagat Singh အတွက် အသနားလည်း မခံပေးခဲ့သလို ကာကွယ်လဲ မပြောပေးခဲ့ဘူး။ Bhagat Singh တို့ လုပ်ရပ်ကိုတောင် ရှုံ့ချခဲ့သေးတယ်၊ ဒါကို မကျေနပ်တဲ့ လူငယ်တွေက ဂန္ဒီကို ဆန္ဒပြ ဆန့်ကျင်နေတာတဲ့ ပြကွက်နဲ့ ဇာတ်လမ်းဟာ စခဲ့တယ်။

ဇာတ်လမ်းအရ Bhagat Singh ရဲ့ ငယ်ဘဝအပေါ် ဂန္ဒီရဲ့ လွှမ်းမိုးမှုအကြောင်းဟာ အကောင်းဖက်က မဟုတ်ဖူး။ Bhagat Singh ငယ်ငယ်က ဂန္ဒီရဲ့ CDM လှုပ်ရှားမှု စတင်ရာ ကာလဖြစ်တာကြောင့် ပြည်သူတွေဟာ ဂန္ဒီ အမိန့်အတိုင်း အာဏာဖီဆန်ရင်း CDM လှုပ်ရှားမှုလုပ်ခဲ့တယ်။ ဒီလိုနဲ့ ဆန္ဒပြပွဲတွေ ရှည်ကြာလာတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ပြဿနာတွေ တက်လာတဲ့ အခါ ပြည်သူတချို့ဟာ ပြန်လည်တုန့်ပြန်ခဲ့တယ်။ ဒါမှမဟုတ် သပ်လျိုပုံဖျက်ခံရတာလည်း ဖြစ်နိုင်တယ်။ ဒါကို ဂန္ဒီ က သူ့ရဲ့ ငြိမ်းချမ်းတဲ့ တော်လှန်ရေးကို ပြည်သူတွေက ခိုင်းတဲ့ အတိုင်း မလုပ်ကြလို့ဆိုပြီး တော်လှန်ရေး ဦးချိုးခဲ့တယ်။ ဂန္ဒီရဲ့ တစ်ကိုယ်ကောင်းဆန် အောက်တန်းစားစိတ်ဓါတ်နဲ့ လွဲမှားတဲ့ ဦးဆောင်မှုကြောင့် Bhagat Singh တို့မိသားစုအပါအဝင် Bhagat Singh ဟာ မျက်နှာဖြူတွေရဲ့ အိန္ဒိယသားတွေအပေါ် အကြမ်းဖက်ဖိနှိပ်ခဲ့တာတွေကို ကိုယ်တွေ့မြင်ခဲ့ရတယ်။ ဒီလိုနဲ့ Bhagat Singh ဟာ သူသေတဲ့အထိ ဂန္ဒီအပေါ် အမြင်မကြည်ခဲ့ဘူးဆိုတာကို သူ့အရေးအသားတချို့မှာလည်း ဖတ်သား မှတ်သားဖူးတာမို့ ဒီဇာတ်ကွက်နဲ့ ချိတ်ဆက်ကြည့်နိုင်တယ်၊

ဒီလိုကနေ Bhagat Singh တစ်ယောက် တော်လှန်ရေးလမ်းကြောင်းအပေါ် ဘယ်လိုရောက်လာသလဲ? Hindustan Socialist Republican Association လို့ခေါ်တဲ့ HSRA ကိုဘယ်လိုတည်ထောင်ခဲ့သလဲ။ ဆိုရှယ်လစ်ဝါဒအပေါ် သူဘယ်လိုရှုမြင်ကျင့်သုံးခဲ့သလဲဆိုတာကို အရိတ်အမြွတ် လေ့လာနိုင်ကြပါလိမ့်မယ်။

နောက်ဆုံး သေခါနီးအချိန် လူတစ်ယောက်က သူ့ကို ဘုရားသခင်ထံ ဆုတောင်းဖို့ ပြောခဲ့တဲ့ အခါ သူအလို ဆုတောင်းခြင်းနဲ့ ဘုရားသခင်ဟာ မလိုအပ်ကြောင်း ပြန်ပြောတဲ့ အခန်းလေးမှာလည်း သူ့ရဲ့ “Why I am an Atheist” ထဲက စာပိုဒ်လေးကို ထည့်သုံးထားတော့ တော်တော်လေး သဘောကျမိတယ်။

အိန္ဒိယလို့ပြောရင် လူတိုင်းက ဂန္ဒီကို ပြေးမြင်ကြတယ်။ ကျွန်‌တော်ကတော့ Bhagat Singh နဲ့ Netaji Subhas Chandra Bose တို့ကိုပဲ ပြေးမြင်မိတယ်။ ‌နောက်အပိုင်း(၄) ကတော့ Subhas Chandra Bose နဲ့ပတ်သတ်တဲ့ ဇာတ်လမ်းလေး ဖြစ်ပါမယ်။

ဇာတ်ကားကြည့်ရန် – https://www.netflix.com/title/60033227

အပ္ပမညာဖြင့်
ဟိန်းထက်ကျော်
Abu Bakr

error: Content is protected !!