ကြည့်စေချင်သော Political/Social Drama များ – (The Walk)

Movie Name: The Walk (2022)
Political Affiliations: Black, White, USA, Racial Segregation, Racial Integration, Racism, Anti-Racism

“လစ်ဘရယ်မန်ဆာချူးဆက်ကလည်း ကွန်ဖက်ဒရိတ်အလာဘားမားထက် ဘာမှပိုမကောင်းနေဘူး။ ဒါပေမယ့် သမီးမရင်ဆိုင်နိုင်တာ မရှိပါဘူး။”
ဇာတ်လမ်းထဲက လူမည်းရဲအရာရှိတစ်ဦးက သူ့ရဲ့သမီးဟာ ကျောင်းကို လူဖြူတွေနဲ့ ရောပြီးတက်ရတော့မယ် ဆိုတာကို သိသွားတဲ့အခါ ပြောတဲ့ စကားရပ်တစ်ခု။

“အမုန်းပွားတဲ့သူတွေက အဆင့်မရှိတဲ့သူတွေမို့ သူတို့နေလို့ပိုကောင်းအောင် သူများတွေကိုပါ ဆွဲချပစ်တတ်တယ်”
လူမည်းရဲအရာရှိတစ်ဦးက သူ့ရဲ့သမီးကို လူမျိုး‌ရေးမုန်းတီးတတ်သူတွေနဲ့ ပတ်သတ်ပြီး သင်ပေးထားတဲ့ ဇာတ်ဝင်ခန်းသုံး စကားစုလေးတစ်ခု။

‘တစ်နေ့ကလူမည်း‌ကလေးမလေးတစ်ယောက်က ငါ့ကို မေးတယ်။ “ဦးလေးတို့ လူဖြူတေွက ဘာလို့ ကျွန်မတို့ကို မုန်းတာလဲ” တဲ့။ ငါကပြောလိုက်တယ်။ ငါမင်းတို့ကိုမမုန်းပါဘူး။ ငါ့လိုပဲ မင်းတို့ကို မမုန်းတဲ့သူတွေ ရှိပါသေးတယ်လို့။’
လူဖြူရဲအရာရှိတစ်ယောက်က သူ့ဇနီးသည်ကို သူ့နှလုံးသားက ထိရှစေခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ပြန်ပြောပြနေတဲ့ ဇာတ်ဝင်ခန်းလေး။

ဇာတ်လမ်းကတော့ ၁၉၇၄ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို တစ်ခုကို အခြေပြု ဇာတ်အိမ်တည်ထားတယ်လို့ဆိုပါတယ်။

အမေရိကန်ရဲ့ ရာစုနှစ်နဲ့ချီပြီး ဖြေရှင်းလို့မရနိုင်တဲ့ လူဖြူတွေ လူမဲတွေရဲ့ ပြဿနာတွေနဲ့ တိုင်ပတ်နေတဲ့ ကာလမှာ ဘော်စတွန်တောင်ပိုင်းက လူဖြူတွေချည်း တက်တဲ့ ကျောင်းကို အစိုးရကနေ အဲဒီစနစ်ဖျက်သိမ်းဖို့ အမိန့်ချပြီး လူဖြူလူမဲချစ်ကြည်ရေးအနေနဲ့ လူမဲတွေအနေများတဲ့ တစ်ဘက်မြို့က လူမဲတစ်ဝက်ကို ဘော်စတွန်ကကျောင်းမှာ တက်စေပြီး လူဖြူတစ်ဝက်ကို လူမဲတွေနေတဲ့မြို့ကို ပို့လိုက်တယ်။

ဒီတော့ ရေပေါ်ဆီနိုင်ငံရေးသမားတွေခြယ်လှယ်ထားတဲ့ တစ်ဖက်သက်ဥပဒေတွေကြောင့် ဆင်းရဲသားအလုပ်သမားလူတန်းစားလူဖြူတွေနဲ့ လူမဲတွေဟာ အလိုမတူပဲ ရောနှောနေကြရဖို့ရော ရွေးချယ်ခွင့်မရှိပဲ အတင်းအဓမ္မကျောင်းပြောင်းခံလိုက်ရတာရော ပေါင်းပြီး လူဖြူလူမဲ အဓိကရုဏ်းတွေဖြစ်ကုန်တယ်။

လူမဲတွေရင်ဆိုင်ခဲ့ရတဲ့ ခွဲခြားဆက်ဆံခံရမှုနဲ့ဆိုင်တဲ့ အခက်အခဲတွေရယ် အမြင်ဟောင်းတွေကို မစွန့်နိုင်တဲ့ လူမျိုးရေးမုန်းတီးစိတ်အခံရှိသူ ဆင်းရဲသားလူဖြူတွေရဲ့ အမြင်တွေကို နှစ်ဘက်လုံးကို ပြထားတဲ့ လူဖြူလူမဲအရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။

ဘယ်သူတွေ ဘယ်လို takeaway တွေရသွားကြသည်ဖြစ်စေ ဒီနေရာမှာ ကျနော်လေ့လာသင်ယူမိတာ‌ကတော့ ဘယ်လိုကောင်းမွန်တဲ့ ဥပဒေတွေ အမိန့်ပြန်တမ်းတွေပဲ ဖြစ်ဖြစ် တကယ့်အောက်ခြေက လူထုရဲ့ သဘောဆန္ဒမပါတဲ့အခါ အရုပ်ဆိုးအကျည်းတန်တဲ့ ရလဒ်နဲ့ ကြုံရတယ်ဆိုတာပဲ။

ဆိုလိုတာက Spontaneous (Revolution from Below) မဟုတ်တဲ့ အာဏာရှင်ဆန်ဆန် တပ်ဦးအခွင့်ထူးခံအစဥ်အလာ (Revolution from Above) ဖြစ်ရပ်တိုင်း၊ သဘောတရားတိုင်းဟာ သမိုင်းမှာရော၊ လက်တွေ့မှာရော၊ အနာဂါတ်မှာရော အရုပ်ဆိုးအကျည်းတန်တဲ့ ရလဒ်တွေနဲ့ မလွဲမသွေ ကြုံရမယ်ဆိုတာပဲ။

 

error: Content is protected !!