ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(23)

Movie Name: Age of Awakening
Political Affiliations: China, Communist Party of China, Marxism

Age of Awakening ကတော့ တရုတ်ပြည်ထုတ် နိုင်ငံရေးဇာတ်လမ်းတွေထဲမှာ တော်တော်လေး ရှားပါးလို့ပြောလို့ရတယ်။ ဘာလို့ဆို ၁၉၁၁ ခုနှစ်ဝန်းကျင်ကနေ သမိုင်းစထားပြီးတော့ တရုတ်ပြည်ရဲ့ မာ့က်စ်ဝါဒထွန်းကားလာမှု လမ်းစဥ်တစ်လျှောက်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ တည်ထောင်သူ၊ ပထမဦးဆုံး အထွေထွေအတွင်းရေးမှူး ချိန်တူရှုတ် (Chen Duxiu) ရဲ့ အရေးပါမှုကို ကွက်ကွက်ကွင်းကွင်း သမိုင်းကို အရှိအတိုင်းအတိုင်း ဖော်ပြထားတဲ့ စီးရီးဇာတ်လမ်းမို့ပါပဲ။

တရုတ်ပြည်ကွန်မြူနစ်ပါတီမှာ လင်းဗျောင်တို့ လေးဦးဂိုဏ်းအာဏာစရကတည်းက ချိန်တူရှုတ် (Chen Duxiu) ရဲ့ အရေးပါမှုကို ခွေးရူးအရိုးဝိုင်းဖျက်သလို နာမည်ဝိုင်းဖျက်ခဲ့တယ်။ နောက်ဆုံး မော်စီတုန်းကိုယ်တိုင်က “ချိန်တူရှုတ် (Chen Duxiu) ဟာ မေ (၄) လှုပ်ရှားမှုရဲ့ ပဲ့ကိုင်ရှင်ဖြစ်တယ်” လို့ ဆိုခဲ့ဖူးပေမယ်သိ အဆိုပါသမိုင်းကြောင်းတွေကိုပါ မှေးမှိန်အောင် ဝါဒဖြန့်ပြီး ရုပ်ရှင်ကသော်လည်းကောင်း၊ စာပေကသော် ကြိုးစားခဲ့တယ်။

နောက်ဆုံး တရုတ်ပြည်ကွန်မြူနစ်ပါတီဟာ တိန့်ရှောင်ဖိန်လက်ထက်ပြန်ရောက်တော့မှသာ ချိန်တူရှုတ် (Chen Duxiu) နဲ့ ပတ်သတ်ပြီး ာ လင်းဗျောင်တို့ လေးဦးဂိုဏ်းရဲ့ နာမည်ဖျက်မှုစစ်ဆင်‌ရေးတွေကို နှုတ်အားဖြင့် တားဆီးဖို့ ပြောဆိုခဲ့ရတယ်။

ဒီစီးရီးလေးမှာတော့ ၁၉၁၁ ဝန်းကျင် တရုတ်ပြည်လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးရေချိန်တွေ၊ တိုးတက်တဲ့ တရုတ်တော်လှန်ရေးသမားတွေအကြားက အယူဝါဒအားပြိုင်မှုတွေ၊ ကွန်မြူနစ်ပါတီစတင်မဖြစ်ပေါ်လာခင် အလုပ်သမား၊ ကျောင်းသားသပိတ်တွေအကြောင်းကိုပါ ဖော်ပြထားပါတယ်။

အလုပ်သမား၊ ကျောင်းသားသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တဲ့ လူငယ်သစ် (New Youth Magazine) ဟာ တရုတ်ပြည်ရဲ့ လီနင်လို့အများခေါ်ကြတဲ့ ချိန်တူရှုတ်နဲ့အတူ တရုတ်ပြည်ရဲ့မာ့က်စ်ဝါဒဖခင်လို့အများခေါ်ကြတဲ့ လီတချိုတို့ရဲ့ ရင်ဝယ်သား မဂ္ဂဇင်းတစ်ခုဖြစ်ခဲ့တယ်။ New Youth Magazine ရဲ့ အကျော်ကြားဆုံး New Culture Movement အကြောင်းတွေ၊ အလုပ်သမား၊ ကျောင်းသားသပိတ်တွေအပေါ် လွှမ်းမိုးခဲ့ပုံအကြောင်းတွေ၊ မော်စီတုန်းအပေါ် ချိန်တူရှုတ်နဲ့လီတချိုတို့ရဲ့ လွှမ်းမိုးပြသခဲ့မှုတွေနဲ့အတူ ချူအင်းလိုင်တို့လို ခေါင်းဆောင်ကြီးတွေရဲ့ ငယ်ဘဝ ကျောင်းသားဘဝတက်ကြွလှုပ်ရှားမှုတွေကိုပါ မြင်ထောင့်မြင်ခဲ ကြည့်ရှုရနိုင်ပါတယ်။

ဒီစီးရီးလေးထဲက အချက်အလက်အကိုးအကားတွေဟာ တခြားသော စီးရီးတွေနဲ့ ယှဥ်ရင် သမိုင်းနဲ့အနီးစပ်ဆုံးတူနေပြီး အပိုအလိုမရှိလောက်အောင် ခိုင်မာတာကလည်း စိတ်ဝင်စားစရာတစ်ချက်ပါပဲ။

New Youth Magazine ရဲ့ အယ်ဒီတာတွေအကြားက လစ်ဘရယ်ဝါဒ၊ မင်းမဲ့ဝါဒ နဲ့ ကွန်မြူနစ်ဝါဒအပေါ် ခံယူချက် အကွဲအပြဲတွေ၊ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့တည်‌ထောင်သူတွေအကြားက မင်းမဲ့ဝါဒနဲ့ ကွန်မြူနစ်ဝါဒအကွဲအပြဲတွေစတာတွေကို လေ့လာနိုင်မယ့်အပြင် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့တည်‌ထောင်သူတွေ ပါတီတစ်ခုကိုဘယ်လိုတည်ထောင်ခဲ့ကြရသလဲ ဆိုတာကိုလည်း အားကျအတုယူသဖွယ်ကို လေ့လာနိုင်မှာဖြစ်ပါတယ်။

error: Content is protected !!