ကြည့်စေချင်သော Political/Social Drama များ – (Revolution of Our Times)

Movie Name: Revolution of Our Times
Political Affiliations: Hong Kong protest, China Communist Party and its Totalitarianism, Hong Kong’s Struggles for Democracy

Revolution of Our Times ဇာတ်လမ်းမှာ မကြာသေးခင်ကမှ ထုတ်ဝေထားတဲ့ ဟောင်ကောင်ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့ Documentary ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။

ဟောင်ကောင်နဲ့ ပြည်မကြီးမှာဆို ဒီရုပ်ရှင်နာမည်လေး ပြောမိရုံနဲ့ ထောင်ကျနိုင်လောက်တဲ့အထိ ဒီရုပ်ရှင်အပေါ် အာဏာပိုင်များက ရန်လိုနေပြီး လူထုဆီ ဒီရုပ်ရှင်လေး မရောက်ရှိအောင် မရရတဲ့နည်းနဲ့ ပိတ်ပင်တားမြစ်ဖို့ ကြိုးစားနေကြတယ်လို့ ဟောင်ကောင်နဲ့ ပြည်မကြီးမှာရှိတဲ့ အသိမိတ်ဆွေရဲဘော်တချို့က ပြောပြလို့ သိရပါတယ်။

ဟောင်ကောင်ဆန္ဒပြမှုဟာ ကျွန်တော်တို့ အားလုံးသိကြတဲ့အတိုင်း ခေါင်းဆောင်မဲ့ပါတယ်။ ပါဝင်သူတွေကလည်း တစ်ဦးနဲ့တစ်ဦး မသိကြပါဘူး။ ဒါပေမယ့် အားလုံးက သူ့တာဝန်သူကျေပွန်အောင် လုပ်ဆောင်ကြတယ်။

Online ကနေ Map တွေမှာ ရဲတွေ ဘယ်မှာရှိကြောင်းတင်ပေးတဲ့သူက တင်ပေးတယ်၊ ဆန္ဒပြသူတွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်အောင် ကူပေးတဲ့ ကားဒရိုက်ဘာတွေကလည်း ကားမောင်းပြီး ကူညီပေးပါတယ်။ အလားတူပဲ သူတို့ရဲ့ ‌တောင်းဆိုချက်ကလည်း ဘယ်နိုင်ငံရေးသမား၊ ဘယ်နိုင်ငံရေးခေါင်းဆောင်ရဲ့ သြဇာမှလည်းမပါသလို ဆန္ဒပြမှုတစ်ခုလုံးမှာလည်း ဘယ်နိုင်ငံရေးသမား၊ ဘယ်နိုင်ငံရေးခေါင်းဆောင်ရဲ့ ပုံကိုမှ သဒ္ဓိတင်သလို လွှင့်တင်မြောက်ကိုင်ရင်း တောင်းဆိုတာ မရှိခဲ့ပါဘူး။ တချို့နေရာတွေမှာ အမေရိကန် အလံကို လွှင့်တင်ခဲ့တာတွေ ရှိပါတယ်။ တချို့နေရာတွေမှာ တော်လှန်ရေး ဆောင်ပုဒ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်က ပြည်သူတွေ တောင်းဆိုသမျှဟာ ဟောင်ကောင်အတွက် “လွတ်လပ်မှု” နဲ့ “ဒီမိုကရေစီ” ဆိုတာတွေ သီးသန့်သာဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာပြည်သူတွေလည်း ဒီတော်လှန်ရေးအစ ဆန္ဒပြလမ်းကြောင်းတစ်ခုတည်းကို အားထည့်ခဲ့ကြချိန်မှာ Milk Tea Alliance ဆိုတဲ့ ဆော်သြသံနဲ့အတူ ဟောင်ကောင်ဆန္ဒပြမှုကို အတူယူခဲ့ကြတာကို သတိထားမိပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ရင်း ဟောင်ကောင်ဆန္ဒပြမှုကနေ ကျွန်တော်တို့ ဘာတွေသင်ယူနိုင်မလဲဆိုတာကို တွေးရမှာဖြစ်သလို ကွန်မြူနစ်အမည်ခံပြီး ဟောင်ကောင်ကို ဖိနှိပ်ချုပ်ချုပ်နေတဲ့ ခေတ်သစ်ကိုလိုနီဝါဒီ၊ ဓနရှင်ဖောက်ပြန်ရေးသမား တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်ချုပ်ချယ်တတ်တဲ့ အာဏာရှင်ဥာဥ်ကိုလည်း လေ့လာလို့ ရမှာဖြစ်ပါတယ်။

တိုက်ရိုက်ကြည့်ရှုရန် (ဒေါ်လာ ၃၀ ဝန်းကျင် သုံးစွဲရင်း ဟောင်ကောင်က တက်ကြွလှုပ်ရှားသူများအား ထောက်ပံ့ရင်း ကြည့်ရှုနိုင်ပါပြီ) https://vimeo.com/ondemand/revolutionofourtimes

 

error: Content is protected !!