ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(၁၈)

Series Name: Deng Xiaoping at History’s Crossroads
Political Affiliations: Cultural Revolution, Chinese Communist Party, Socialism with Chinese characteristics, Deng Xiaoping Theory

ဒီတီဗီစီးရီးလေးကတော့ တရုတ်ပြည်ကွန်မြူနစ်က တိုက်ရိုက်အုပ်ချုပ်တဲ့ CCTV သတင်းဌာနက တင်ဆက်ရိုက်ပြထုတ်လွှင့်ခဲ့တဲ့ (‌ယဥ်ကျေးမှုတော်လှန်ရေးအလွန်) တိန့်ရှောင်ဖိန်နိုင်ငံရေးဘဝဖြတ်သန်းမှုအကြောင်းကို ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။

2014 6th China TV Drama Awards မှာ Best Television Series ဆုကိုရရှိခဲ့ပြီး 2016 28th China TV Golden Eagle Award မှာလည်း Outstanding Television Series ဆုကို ရရှိခဲ့ပါတယ်။

ယဥ်ကျေးမှုတော်လှန်ရေးအလွန် လင်းဗြောင်တို့ရဲ့ စတာလင်ဂိုဏ်းက မော်စီတုန်းရဲ့ ရဲဘော်ရဲဖက်တွေဖြစ်ခဲ့တဲ့ ချူအင်းလှိုင်၊ လျူရှောက်ချီနဲ့ တိန့်ရှောင်ဖိန်တို့အပေါ် အကောက်ကြံအာဏာသိမ်းခဲ့တဲ့ အပိုင်းလေးတွေနဲ့ စတင်ထားတာဖြစ်ပါတယ်။

ယဥ်ကျေးမှုတော်လှန်ရေးကာလမှာ သန်းထွန်း ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မော်စီတုန်းအတွေးအခေါ်ကို လိုက်နာသည်ဟု တွင်တွင်‌အော်နေရက်နဲ့ မော်စီတုန်းအတွေးအခေါ်ကို မြေမြှုပ်ဖို့ကြိုးစားတဲ့ လင်း‌‌‌‌ဗြောင်တို့ စတာလင်ဂိုဏ်းကို အားပေးခဲ့ကြတယ်။ တကယ့် မော်စီတုန်းရဲ့ ရဲဘော်ရဲဖက်တွေဖြစ်ခဲ့တဲ့ ချူအင်းလှိုင်၊ လျူရှောက်ချီနဲ့ တိန့်ရှောင်ဖိန်တို့အပေါ် တိုက်ခိုက်ဝေဖန်ခဲ့တဲ့အထိ လုပ်ရင်း သူတို့ရဲ့ သီအိုရီမပိုင်နိုင်ခဲ့မှု၊ ဗဟုသုတနည်းပါး သမိုင်းမကျေခဲ့မှုတွေနဲ့ ခေတ်ကာလနိုင်ငံရေးအပေါ် နားလည်နိုင်စွမ်း မရှိမှုတို့ကို ဖော်ပြခဲ့တယ်။ လက်နက်ရရင် ဖက်ဆစ်ကိုပါ အဖေခေါ်မယ်ဆိုတဲ့ အချောင်သမားဝါဒကို တွင်တွင်ကျင့်သုံးခဲ့တယ်။

လီနင်သဘောတရားကို ခရေ့စေ့တွင်းကျ နားလည်ပြီး ချူအင်းလှိုင်၊ လျူရှောက်ချီနဲ့ တိန့်ရှောင်ဖိန်တို့လောက်နီးနီး အရည်အချင်းရှိတဲ့ ရဲဘော် ဂိုရှယ်(သခင်ဘတင်) ကို ဗမာပြည်ရဲ့ လျူရှောက်ချီဆိုပြီး ဖြုတ်-ထုတ်-သတ် လုပ်ခဲ့တယ်။

ဒီနေ့ခေတ်မှာတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီကိုယ်တိုင်ကစလို့ မာ့က်စ်ဝါဒအပေါ် စိတ်ဝင်စားမှုရှိတဲ့ ပညာရှင်အသိုင်းအဝိုင်းတွေကပါ ချူအင်းလှိုင်၊ လျူရှောက်ချီနဲ့ တိန့်ရှောင်ဖိန်တို့ဟာ လင်း‌‌‌‌ဗြောင်တို့ စတာလင်ဂိုဏ်းထက် ဥက္ကဌမော်စီတုန်းရဲ့ အယူအဆကို ပိုမိုကိုယ်စားပြုနိုင်ကြောင်း (အမှန်တရားတစ်ခုကို) လက်ခံနေကြပြီးဖြစ်တယ်။

ဒီဇာတ်လမ်းလေးဟာ တိန့်ရှောင်ဖိန်အကြောင်းဖတ်ဖူးတဲ့ စာအုပ်လေးတွေနဲ့လဲ ကိုက်ညီသလို တရုတ်ပြည်ကွန်မြူနစ်ပါတီကိုယ်တိုင်က ဦးစီးတင်ဆက်တာဖြစ်တာကြောင့် အတိုင်းအတာတစ်ခုအထိ သမိုင်းဖြစ်ရပ်တွေနဲ့ ကိုက်ညီပါတယ်။ ဒီအတွက်ကြောင့် သေချာပေါက် ကြည့်သင့်တဲ့ Series လေးတစ်ခုဖြစ်ပါတယ်။

error: Content is protected !!