ကြည့်စေချင်သော Political & Social Movies/Series များ အပိုင်း(၁၉)

Movie Name: The Lady of Heaven
Political Affiliations: Shia Islam, Lady Fatima, Daughter of Prophet Muhammad

(ကြိုပြောထားချင်တာက ကျနော်ဟာ ရှီအာမဟုတ်ပါ။ နာမည်ကိုက အဘူဘကာရ်ပါ။ အဖိုးကတော့ အဘူဘကာရ်လို လှူဒါန်းလိုတဲ့ စိတ်ရှိအောင်နဲ့ တမန်တော်ရဲ့ ရဲဘော်ရဲဖက်ထဲမှာမှ အရင်းနီးဆုံးသူဖြစ်တာ‌ကြောင့် အဲ့နာမည်ပေးထားတာလို့တော့ ပြောသွားဖူးတယ်၊ ဒါပေသိ မတရားမှုကို မတရားမှုမှန်း သိလာခဲ့တဲ့အခါ ဖာတီမာရဲ့ သေဆုံးခြင်းအတွက် ဂရုဏာသက်မိတယ်။ အလီတို့ရဲ့ တွန်းလှန်မှုကို လေးစားတတ်လာတယ်)

ဒီနေ့တင်ပေးချင်တဲ့ ရုပ်ရှင်ကတော့ အစ္စလာမ်ဘာသာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်းတစ်ခုပေါ့။ အစ္စလာမ်ဘာသာရဲ့ တမန်တော်မုဟမ္မဒ်သေပြီးတဲ့အခါ ခါလီဖာ(ကာလီဖာ) အနေနဲ့ ဆက်ခံမယ့် ပြဿနာရှိလာတယ်။

မုဟမ္မဒ်ရဲ့ မိတ်ဆွေအရင်းအချာကြီးဖြစ်တဲ့အပြင် ယောက္ခမပါဖြစ်တဲ့ အဘူဘကာရ်မည်တဲ့ အလှူအတန်းရက်ရောပြီး သြဇာကြီးမားတဲ့ သူဖြစ်မလား။ မုဟမ္မဒ်ရဲ့ သားမက်တော် အလီအဘီတာလစ်ဖြစ်မလားဆိုတဲ့ မေးခွန်းပေါ့။

တမန်တော်မုဟမ္မဒ်ရဲ့ အချစ်ဆုံးသမီးဖြစ်တဲ့ ဖာတီမာသခင်မကတော့ သူ့ယောကျာ်းဖြစ်တဲ့ အလီကို ခါလီဖာအဖြစ် မြင်ချင်ခဲ့တယ်။ ဒါပေမယ့် တစ်ဖက်မှာကလည်း အဘူဘကာရ် (ကျနော်မဟုတ်) ကလည်း ခါလီဖာရာထူးကို သိမ်းပိုက်ထားခဲ့ပြီ။ ဒီလိုကနေ နိုင်ငံရေးအာဏာဆန်လာတဲ့ အဖြစ်အပျက်တွေကြားမှာ တမန်တော်မုဟမ္မဒ်ရဲ့ အချစ်ဆုံးသမီးတော် ဖာတီမာဟာ အဘူဘကာရ်တို့ရဲ့ အင်အားသုံးတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ပျက်ကြပြီး သွေးလွန်သေဆုံးခဲ့ရတယ်။ ဖာတီမာသခင်မရဲ့ နောက်ဆုံးဆန္ဒဟာ သူ့အသုဘကို အဘူဘကာရ်တို့အုပ်စုမတက်ရောက်စေချင်တာပဲဖြစ်ခဲ့တယ်လို့ ဘာသာရေးကျမ်းဂန်တေွအရ ဆိုပါတယ်။

ဇာတ်လမ်းလေးက အရှေ့အလယ်ပိုင်းကို အခြေယူထားတယ်။ ဒီဇာတ်ကားမှာတော့ အိုက်စက်စစ်သွေးကြွတွေရဲ့ လူရမ်းကားဆန်ဆန် ကျူးလွန်နေမှုကို အဖွားတစ်ယောက် မိခင်တစ်ယောက်ဟာ သူ့မြေး၊ သူ့သားကို ဖာတီမာသခင်မအကြောင်းပြောရင်းနဲ့ ဥပမာပေးနေတဲ့ ပုံစံနဲ့ ပုံဖော်ရိုက်ကူးထားတယ်။

ဒီဇာတ်လမ်းဟာ နိုင်ငံတကာမှာရှိတဲ့ လူများရင် အမြင်မတူသူကို ဖိနှိပ်မယ်ဆိုတဲ့ အကြမ်းဖက်သမားဖြစ်လာဖို့အလားအလာရှိတဲ့ ဘာသာ‌ရေး အစွန်းရောက်တွေရဲ့ ကန့်ကွက်မှုတွေကြားက ရအောင်ထုတ်လာရတဲ့ ဇာတ်လမ်းဖြစ်တယ်။ ဘာသာ‌ရေး အစွန်းရောက်တွေဟာ ဒီသမိုင်းကြောင်းဟာ မှားပါတယ်လို့ စွတ်စွဲကြတယ်။ ဒါပေမယ့် ဒီသမိုင်းရှုထောင့်ဟာ ရှီအာတွေရဲ့ ကျမ်းစာလာရှုထောင့်ဖြစ်တာကြောင့် ရှီအာတွေအတွက်တော့ အမှန်တရားတစ်ခုဖြစ်သလို ဘာသာ‌ခြားသုတေသီတွေအတွက်လည်း လေ့လာသင့်တဲ့ရှုထောင့်တစ်ခုဖြစ်တယ်။

error: Content is protected !!