Movie Name: Kanchivaram
Political Affiliations: India, Communism, Trade Unionism, Marxism
ဒီတစ်ခါရုပ်ရှင်ကတော့ Kanchivaram လို့ခေါ်တဲ့ ဇာတ်အေးကြီးတစ်ခုဖြစ်ပါတယ်။
အိန္ဒိယဇာတ်ကားတွေမှာ များသောအားဖြင့် အဖိနှိပ်ခံတွေအတွက် မားမားမက်မက်ရပ်တည်ပေးတဲ့ မင်းသားတစ်ယောက်တော့ ရှိစမြဲပဲ။
– တစ်ခါတစ်လေ ကွန်မြူနစ်တစ်ယောက် (ဒါဆို တမီးလ်နာဒူတို့ တောင်ပိုင်းတို့ဖက်)
– တစ်ခါတစ်လေ ရဲသားတစ်ယောက် (ဒါဆို ပန်ဂျဘ်တို့ဖက်)
– တစ်ခါတစ်လေ တက်ကြွတဲ့ကျောင်းသားလူငယ်တစ်ယောက် (ဒါဆို ဘော်လီဝုဒ်ဖက်)
– တစ်ခါတစ်လေ ဝန်ကြီးတစ်ယောက် (ဒါဆို ကရာလာတို့ဖက်)
ဒါပေမယ့် ဒီကားမှာတော့ အဲ့လိုအဖိနှိပ်ခံတွေအတွက် မားမားမက်မက်ရပ်တည်ပေးတဲ့ မင်းသားတစ်ယောက်မပါပါဘူး။
ဒီကားထဲက မင်းသားဟာ သာမန်စက်ချုပ်သမား ဝန်ထမ်းလေးပါ။ သူကစက်ချုပ်သမားပီပီ သူ့မိန်းမအတွက် ပိုးထည်တစ်ထည် ချုပ်ပေးဖို့ ရည်သန်ခဲ့ဖူးတယ်။ သူ့ဘဝက ပိုးထည်တွေ ချည်ထည်တွေ ထောင်နဲ့ချီ ချုပ်ခဲ့ရပေမယ့် သူ့မိန်းမသာ ဆုံးသွားတယ်၊ အဲ့ပိုးထည်လေးတစ်ထည်ကို မရက်ပေးနိုင်ခဲ့ဘူး။ သူ့မိန်းမအတွက် မဖြစ်နိုင်ခဲ့တဲ့ ပိုးထည်လေးဟာ သူ့သမီးအတွက် ဖြစ်လာခဲ့ရတယ်။
သူ့ရဲ့ လုပ်အားနဲ့ ရက်ထားတဲ့ အထည်တစ်စုံဟာ သူ့လုပ်အားခရဲ့ ဆယ်ဆကျော် တန်ဖိုးရှိတာလေးကို မြင်ရတာက ကျွန်တော်တို့ ငယ်ငယ်က အရင်းကျမ်းစဖတ်တုန်းက အမြတ်ကို ခေါင်းပုံဖြတ်မှုလို့ မှတ်သားခဲ့ရတာလေးကို တွေးမိပြန်တယ်။
ဒီလိုနဲ့ မတတ်နိုင်တဲ့အဆုံး သူဟာ သူ့သူဌေးဆီကနေ အထည်စလေးတွေ ခိုးရင်း သူ့သမီးအတွက် အထည်လေးတစ်စုံချုပ်ပေးဖို့ ကြိုးစားခဲ့ရှာတယ်။ သူ့သူဌေးကလည်း သူအမြတ်ရဖို့ဆို ဝန်ထမ်းတွေကို အချိန်ပိုတွေခိုင်း၊ လစာအပြည့်မပေးချင်တဲ့ ချစ်တီးမျိုး။ အဲ့အခါ သူတို့တေွ သပိတ်မှောက်ကြတယ်ပေါ့။
မင်းသားမို့လို သပိတ်ကို ဦးဆောင်မယ် မမှတ်ပါနဲ့။ သူက သပိတ်လှန်ပြီး အလုပ်ပြန်ဝင်တဲ့ ကွန်မြူနစ်ခေါင်းဆောင်ပါ။ သူ့ရဲဘော်တွေကို သစ္စာဖောက်ရင်းပေါ့။ ဒီလိုနဲ့ သူဟာ သူ့သူဌေးဆီကနေ အထည်စလေးတွေ ခိုးနေခဲ့တာကို သူ့ရဲဘော်တွေက သိသွားခဲ့တော့ ရပ်ကွက်ထဲ အရှက်ကွဲရတယ်၊ သူဌေးကပါ သိသွားခဲ့တော့ ပိုဆိုးကုန်တာပေါ့။
ဒီလိုကနေ သူ့သမီးလေးက စိတ်ထောင်းလို့ကိုယ်ကျေ ဆုံးရှာပါလေရော။ သနားစရာသူ့ခမျာ သေသွားတဲ့ သူ့သမီးရဲ့ အလောင်းလေးကို သူ့သူဌေးဆီကနေ ခိုးနေခဲ့တဲ့ အထည်စလေးတွေနဲ့ သူအနှစ်နှစ်အလလ ချုပ်လာခဲ့တဲ့ အဝတ်စလေးနဲ့ ဖုံးပေးပါတယ်။
သူ့အသက်ရှင်နေတုန်း ပိုးထည်တွေ ချည်ထည်တွေ ထောင်နဲ့ချီ ချုပ်ခဲ့ရပေမယ့် သူ့မိန်းမသာ သေသွားတယ်၊ သူ့သမီးသာ သေသွားတယ်။ သူ့လုပ်အားခဟာ သူထောင်ချီချုပ်ခဲ့တဲ့ ပိုးထည်လေး တစ်စုံစာကို မတတ်နိုင်ခဲ့ဘူး။ မတတ်နိုင်တဲ့အဆုံး ခိုးခဲ့တာတောင်မှ သူ့တစ်သက်လုံး စုခဲ့၊ ခိုးခဲ့တဲ့ အထည်စလေးတွေဟာ သူ့သမီးအလောင်းကို လုံအောင် မထားနိုင်ခဲ့ဘူး။