ကြည့်စေချင်သော Political/Social Drama များ အပိုင်း (၂၉)

Movie Name: Concrete Utopia
Political Affiliation: Dystopia, Fascism, Survival

ဇာတ်လမ်းအကျဥ်း

ရာသီဥတု​ဖောက်ပြန်​ပြောင်းလဲပြီး မြေငလျင်အကြီးစားတစ်ခု
လှုပ်ခတ်ခဲ့တဲ့အတွက်​ကြောင့် အပျက်အစီးပုံထဲကိုဆိုးလ်မြို့တစ်ခုလုံးကျရောက်သွားတယ်..
ကံကောင်းထောက်မစွာ ကွန်ကရစ်တော်ဝင်တိုက်တစ်တိုက်ကတော့ အပျက်အစီးတွေကြားထဲမှာမားမားမတ်မတ်ကြီးကျန်ရှိနေတယ်…တိုက်ခန်းမှာ အရင်ကတည်းကနေခဲ့တဲ့သူတွေအတွက်တော့ကံကောင်းတယ်လို့ဆိုရပေမဲ့ အပြင်မှာအသေမသေဘဲကျန်ခဲ့တဲ့သူတွေအတွက်ကတော့ငရဲကျနေသလိုဖြစ်နေတယ်..အေးလွန်းလှတဲ့ရာသီဉတုဒဏ် စားစရာ အိပ်စရာမရှိတဲ့ဒုက္ခသည်တွေအတွက်တော့ ဒီတိုက်ကြီးဟာ မျက်စိကျစရာဖြစ်လာပါတယ်..သို့ပေမဲ့ နေဖို့အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့သူတွေက လက်မခံကြပါဘူး၊

သုံးသပ်ချက်

ကွန်ကရစ်တော်ဝင်တိုက်ဟာ နိုင်ငံရေးသီအိုရီအရ Guild Socialist ကွန်မြူးတစ်ခုလိုဖြစ်နေတယ်လို့ ယူဆလို့ရနိုင်တယ်။ အစပိုင်းမှာဒီမိုကရေစီလွှမ်းမိုးတဲ့နေရာတစ်ခုအဖြစ် ကိုယ့်အဖွဲ့အစည်းဝင်အချင်းချင်း အားလုံး‌စာနာထောက်ပံ့မှုတွေ၊ အတူတူပူးပေါင်းကြိုးစားလုပ်ဆောင်မှုတွေရှိနေခဲ့ပေမယ့် နောက်ပိုင်းမှာ
– Herd Mentality တွေ၊
– အမျိုးသားရေးဆန်ဆန် အတွေးအခေါ်တွေနဲ့ Xenophobia တွေ၊
– ကွန်ကရစ်တော်ဝင်တိုက်ကို နိုင်ငံတော်ဆန်ဆန် ယူဆမှုတွေ
– ကွန်ကရစ်တော်ဝင်တိုက်ဆိုတဲ့ဖြစ်တည်မှုရဲ့အောက်က တစ်သီးပုဂ္ဂလဘဝဟာ အကောင်အထည်မဲ့၊ အရှိတရားမဲ့တဲ့ အနေအထားသို့ပြောင်းလဲလာမှုတွေ၊
– ခေါင်းဆောင်အပေါ် လိုတာထက်ပေါ် အားကိုးမှုတွေ
– သင်းကွဲတွေကို အများသူဌာအရှေ့မှာ အပြစ်ဝန်ချတောင်းပန်ခိုင်းမှုတွေလို ဖိနှိပ်အုပ်ချုပ်တတ်တဲ့ စနစ်မူတွေနဲ့ ပြည့်နှပ်နေတဲ့
ဖက်ဆစ်လူ့အဖွဲ့အစည်းတစ်ခုအသွင်ကိုပြောင်းလာတယ်။

အီ​​ဗြောင်ဟွန်ရဲ့ကာရိုက်တာ

အီ​​ဗြောင်ဟွန်ရဲ့ကာရိုက်တာ တကယ်အခြေခိုင် အောက်သက်ကျေပြီး ကိုယ်ဒူးကိုယ်ချွန်တဲ့ လက်တွေ့ဆန်သူ ခေါင်းဆောင်းကောင်းတစ်ယောက်အနေနဲ့ ပါဝင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ သူ့အပေါ် ဂတုံးပေါ်ထိပ်ကွက်သွားတဲ့ သူကို ကိစ္စတုန်းပေးထားတဲ့သူတစ်ယောက်ဖြစ်နေပြီး သူကိုယ်တိုင်က သူရှုတ်ချနေတဲ့ လာရောက်ခိုလုံသူတစ်စိတ်တစ်ပိုင်းဖြစ်နေတာကို ဖုံးကွယ်ထားချင်တဲ့ သိမ်ငယ်စိတ်ဝင်နေသူတစ်ယောက်ဖြစ်‌နေပြန်တယ်။ ပြီးတော့ သူဟာ ဒီလူ့အဖွဲ့အစည်းတစ်ခုလုံးကို ဖက်ဆစ်ဆန်တဲ့လူ့အဖွဲ့အစည်း၊ စာနာစိတ်မရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲပေးနေသူလည်းဖြစ်နေပြန်တယ်။

ဘတ်ဘို​ယောင်း၏ကာရိုက်တာ

ဘတ်ဘို​ယောင်းကတော့ ဒီကားမှာ အချောင်အနေအချောင်အစား စိတ်ကူးယဉ်ဝါဒီတွေအနေနဲ့ ဖော်ပြခံထားရတာပဲ။ ပြင်ပကမ္ဘာရဲ့ လျင်သူစားစတမ်းဖြစ်နေတဲ့ Barbarism ကို ကိုယ်တိုင်မကြုံရသေးတဲ့အခါ သူတို့ဟာ သူတော်ကောင်းအယောင်ဆောင်တဲ့ ကြောင်သူတော်ဖြစ်ချင်နေပုံရတယ်။ ပြောရရင် ပြင်ပကမ္ဘာက Barbarism ကိုတွန်းလှန်ဖို့ ဒီ ကွန်ကရစ်တော်ဝင်တိုက်က လူတွေကိုယ်တိုင်က Barbarism အနေအထားကို ရောက်နေကြတာကို သတိမထားမိလောက်‌အောင် Privileged ဖြစ်နေသေးတဲ့ ကျင့်ဝတ်ဆိုတာတွေကို ဖက်တွယ်ထားသေးတဲ့သူတွေပေါ့။

ဘတ်​ဆောဂျွန်း၏ ကာရိုက်တာ

သူကတော့ အီ​​ဗြောင်ဟွန်ကာရိုက်တာနဲ့ ဘတ်ဘို​ယောင်းကာရိုက်တာ အကြားက ကာရိုက်တာလို့ပြောရမှာပဲ။ အီ​​ဗြောင်ဟွန်လို လုပ်ရည်ကိုင်ရည်ရှိသလို ဘတ်ဘို​ယောင်းလည်း စာနာစိတ်ရှိနေပြန်တယ်။ အခြေအနေအရ လုပ်သင့်တာကို လုပ်နေရပေမယ့် ဒီအခြေအနေအပေါ်လိုက်ပြီးပဲ အီ​​ဗြောင်ဟွန်ကို တွန်းလှန်သင့်ရင် တွန်းလှန်သလို ဘတ်ဘို​ယောင်းကိုလည်း သဘောထားကွဲလွဲပြန်တယ်။

သုံးသပ်ချက်အနှစ်ချုပ်

ကွန်ကရစ်တော်ဝင်တိုက်ရဲ့ကျဆုံးမှုဟာ ဘတ်ဘို​ယောင်းရဲ့ကြောင်သူတော်ဆန်တဲ့ကိုယ်ကျင့်တရားစံတွေကြောင့် အီ​​ဗြောင်ဟွန်ရဲ့ခေါင်းဆောင်မှုအပေါ် လူတွေက သံသယပွားလာရာ‌ကနေ နွားကွဲလို့ ကျားဆွဲခံရတဲ့သဘောပြထားတယ်။ နောက်ဆုံးပိုင်းတွေမှာ ကွန်ကရစ်တော်ဝင်တိုက်ရဲ့ကျဆုံးမှုကြောင့် ဘတ်ဘို​ယောင်းတစ်ယောက် အရင်လို Privilege မရတော့ပေမယ့် သူရောက်သွားတဲ့နေရာက “ကွန်ကရစ်တော်ဝင်တိုက်” လို “နိုင်ငံတော်” ဝါဒဆန်ဆန်တွေမရှိတဲ့ စုပေါင်းစပ်ပေါင်းကွန်မြူးသဘောလေးကို ပြသွားတာကတော့ တွေးစရာတွေ ဖွင့်ပေးသွားတယ်လို့ထင်တာပဲ။

တကယ်တော့ ဒီကားက တွေးစရာ‌နည်းနိုင်သမျှ နည်းအောင် ခွန့်ကိုကျွေးထားတာပါပဲ။

အလွယ်ကူဆုံးပြောရရင် “ကွန်ကရစ်တော်ဝင်တိုက်” ဟာ George Orwell ရဲ့ 1984 ထဲက “Ingsoc” နဲ့တူပြီး အီ​​ဗြောင်ဟွန်ဟာ “Big Brother” နဲ့တူပါတယ်။

error: Content is protected !!